ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Tuesday, June 9, 2020

လေဆင်နှာမောင်းနှင့် စိုက်ဆင်းလေပြင်းများ



ဆောင်းပါး

လေဆင်နှာမောင်းဟူသည်မှာ အလွန်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်နေချိန်တွင် မိုးတိမ်တောင်၏အောက်ခြေပိုင်းမှအစပြု၍ ဆင်၏နှာမောင်းပုံသ္ဌာန်ဖြင့် ပြင်းထန်စွာတိုက်ခတ်သော လေဝဲအကြီးစားပင် ဖြစ်သည်။ လေဆင်နှာမောင်း၏အင်အား အလွန်ကောင်းသည့်အခါ တစ်နာရီလျှင်မိုင် ၃ဝဝ ကျော်အထိပင် တိုက်ခတ်လေ့ရှိသည်။ က္ဘာအရပ်ရပ်တွင် တိုက်ခတ်ခဲ့ဖူးသော လေဆင်နှာမောင်းများ ၏ သဘောသဘာဝကို လေ့လာကြည့်သည့်အခါ လေဆင်နှာ မောင်းတိုက်ခတ်ချိန်သည် အနည်းဆုံးမိနစ် ၃ဝ မှ အများဆုံး ၆ နာရီအထိ ကြာမြင့်နိုင်ကြောင်း တွေ့ရှိရသည်။

 

လေဆင်နှာမောင်းသည် မုန်တိုင်းအမျိုးအစားတစ်ခုပင် ဖြစ်သော်လည်း ရိုးရိုးလေပြင်းမုန်တိုင်းကဲ့သို့ လူသိမများလှပေ။ က္ဘာအရပ်ရပ်တွင် မုန်တိုင်းတိုက်ခတ်မှုအကြိမ်ရေ အများ အပြားရှိခဲ့သဖြင့် က္ဘာ့ပြည်သူအများစုတို့အနေဖြင့် ဘဝသက် တမ်းတစ်လျှောက်၌ မုန်တိုင်းကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ကြရလေ့ရှိသည်။ လေပြင်းမုန်တိုင်းနှင့် ထိပ်တိုက် မဟုတ်သည့်တိုင် မုန်တိုင်းအဖျားခတ်ခြင်း၊ မုန်တိုင်းအရှိန် ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရက်ကာလရှည်ကြာ စွာ မိုးရွာသွန်းခြင်းများကို အနည်းနှင့်အများ ကြုံတွေ့ဖူးကြ သည်။
သို့ရာတွင် လေဆင်နှာမောင်း ဆိုသည်ကိုမူ ဘဝသက်တမ်း တစ်လျှောက် ကြားဖူးရုံမျှသာရှိပြီး တကယ့်ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ကြုံတွေ့ ဖူးခြင်းမရှိသူ သန်းပေါင်းများစွာရှိနေကြသည်။

 

အဘယ်ကြောင့်ဆိုသော် လေပြင်းမုန်တိုင်းများသည် ကမ်းလွန်ပင်လယ်ပြင်နှင့် ပင်လယ်အော်များ၌ ဖြစ်ပေါ်လေ့ရှိ သော လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြု၍ ထိုပင်လယ်၏ရေပြင်အပူချိန် မြင့်တက်နေခြင်း၊ ပင်လယ်ရေအချဉ်ပေါက်နှုန်း မြင့်မားနေခြင်းတို့နှင့် တိုက်ဆိုင်သည့်အခါ အင်အားကောင်း သောမုန်တိုင်းအဖြစ်သို့ အသွင်ပြောင်းသွားလေ့ရှိကြပြီး လေဆင်နှာမောင်းကမူ ဖြစ်တည်လာနိုင်ခြေအခွင့်အလမ်း နည်းပါးသည့်အပြင် အကယ်၍တိုက်ခတ်လျှင်လည်း လေဆင် နှာမောင်းအများစုတို့၏ တိုက်ခတ်ချိန်မှာ အလွန်တိုတောင်းပြီး ရွေ့လျားတိုက်ခတ်ရာ ပင်မလမ်းကြောင်းမှလွဲ၍ ကျန်နီးကပ် သော ပတ်ဝန်းကျင်၌ သက်ရောက်မှုမရှိသလောက်နည်းပါး ခြင်းကြောင့်ပင် ဖြစ်သည်။

 

သာဓကအားဖြင့် ၁၉၈ဝ ပြည့်နှစ်က ရန်ကုန်မြို့ အင်းစိန်မြို့ နယ်၌ မိနစ်အနည်းငယ်မျှသာ တိုက်ခတ်သွားခဲ့သော လေဆင် နှာမောင်းကြောင့် မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ကြို့ကုန်း)၌ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် မွေးမြူထားသည့် မြွေအကောင်ရေများစွာတို့မှာ ယင်းတို့အား ထည့်သွင်းထား သည့် သံပခြုပ်များနှင့်အတူ လေထဲသို့လွင့်ပါပျောက်ဆုံးသွား ခြင်း၊ ခေါင်မိုးကျောက်ပြားသွပ်ပြားများနှင့် လေအေးစက်များ လေထဲသို့ လွင့်ပါသွားခြင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းရှိ သစ်ပင်အချို့ အပင်ရင်းမှပြတ်ထွက်ကာ လေထဲ လွင့်ပါသွားခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ကြရသည်။

 

သို့ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ထိုကဲ့သို့ လေဆင် နှာမောင်းတိုက်ခတ်သွားသည်ကို ကျန်မြို့နယ်များရှိ ပြည်သူ လူထုတို့က လုံးဝမသိရှိလိုက်ကြပေ။ ရန်ကုန်မြို့ တစ်မြို့ထဲ၌ပင် လေဆင်နှာမောင်းတိုက်ခတ်မှုကို ခံစားရသောမြို့နယ်နှင့် လုံးဝ မသိရှိလိုက်သောမြို့နယ်များဟူ၍ ရှိနေခဲ့ခြင်းသည် လေဆင်နှာ မောင်း၏ သဘောသဘာဝနှင့် သရုပ်သကန်ပင် ဖြစ်သည်။

 

ကမ္ဘာပေါ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုအကြိမ်ရေ အများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းရှိ ပြည်နယ်များကို ဖြတ်သန်း၍ ပြင်းအားအမျိုးမျိုး၊ လေတိုက်နှုန်း အမျိုးမျိုးတို့ဖြင့် တိုက်ခတ်သွားသော လေဆင်နှာမောင်းအရေအတွက်မှာ ထောင်နှင့်ချီ၍ပင် ရှိခဲ့သည်။ ထို့ကြောင့်ပင် လေဆင်နှာမောင်း၏ ဒဏ်ကိုအကြိမ်ကြိမ်ခံနေရသော အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သောနှစ်ပေါင်း ၂ဝ ကျော်ကာလကတည်းကပင် လေဆင် နှာမောင်းဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ပြင်းအားပမာဏနှင့် တိုက်ခတ်ရွေ့ လျားပုံ စသည်တို့ကို နက်နက်နဲနဲလေ့လာသုတေသနပြုခဲ့ကြ သည်။

 

သယ်ယူရွှေ့ပြောင်းနိုင်သော မိုးလေဝသဆိုင်ရာခေတ်မီ စက်ကိရိယာများဖြင့် လေဆင်နှာမောင်းကို ထိပ်တိုက်ရင်ဆိုင် ကာ လေ့လာသုတေသနပြုခဲ့ကြရာ၌ ပညာရှင်အချို့ အသက်ဆုံး ရှုံးခဲ့ရခြင်းအပါအဝင် အခက်အခဲပေါင်းများစွာကို ဖြတ်သန်း ခဲ့ကြပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသည့် လေဆင်နှာ မောင်း၏ အတွင်းသ္ဌာန်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမှဆက် စပ်၍ လေဆင်နှာမောင်း၏ လေတိုက်နှုန်းနှင့် ပြင်းအားပမာဏ အတိုင်းအတာကို ချီကာဂိုတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ်အသိပေးနိုင်ခဲ့ပြီး ထိုစကေးကို ဖူဂျီတာစကေး ( Fujita Scale)ဟု ခေါ်တွင် ခဲ့သည်။

 

ဖူဂျီတာစကေးအနိမ့်ဆုံးကိုF0 ဖြင့်သတ်မှတ်ပြီး အမြင့်ဆုံး ကိုမူF5 ဖြင့်သတ်မှတ်သည်။F0 အဆင့်သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄ဝ မှ ၇၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် သစ်ကိုင်းများကျိုးပဲ့ကာ အမြစ်တိမ်သောအပင်များပြိုလဲသွား နိုင်သည်။F1 အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၇၃ မိုင် မှ ၁၁၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် ကျောက်စရစ်မြေ၌ အမြစ်စွဲနေသော သစ်ပင်များပြိုလဲနိုင်သလို အဆောက်အအုံ၏ အုတ်မြစ်ကြံ့ခိုင်မှုအားနည်းလျှင် ပြိုပျက်သွားနိုင်သည်။
F2အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၁၁၃ မိုင်မှ ၁၅၇ မိုင်အတွင်းရှိကာ ထိုအဆင့်၌ နေအိမ်အဆောက်အအုံ အမိုးများ ပြုတ်ထွက်လွင့်ပျံသွားနိုင်ပြီး ကြံ့ခိုင်မှုအသင့်အတင့် ရှိသော အဆောက်အအုံများပင် ပြိုကျပျက်စီးသွားနိုင်သည်။ အသင့်အတင့်လေးလံသော ဝတ္ထုပစ္စည်းများလည်း လေထဲမှ တစ်ဆင့်ဝေးရာသို့ ပျံဝဲရောက်ရှိသွားနိုင်သည်။F3 အဆင့်ကမူ လေတိုက်နှုန်းတစ်နာရီလျှင် ၁၅၈ မိုင်မှ ၂ဝ၆ မိုင်အတွင်းရှိပြီး သစ်ပင်အများအပြား အမြစ်ကကျွတ်ထွက်လွင့်ပါခြင်း၊ နေအိမ် အဆောက်အအုံများ အလုံးစုံပျက်စီးပြိုလဲခြင်းနှင့် မော်တော် ကားများလေထဲသို့ လွင့်ပါခြင်းများအထိ ဖြစ်ပေါ်နိုင်သည်။

 

ဖူဂျီတာစကေးF4 အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၂ဝ၇ မိုင်မှ မိုင် ၂၆ဝ အတွင်းရှိပြီး နေအိမ်များနှင့်မော်တော်ကား များကို ဒုံးကျည်ပစ်လွှတ်လိုက်သည့်အလား အလွန်ဝေးရာဆီသို့ ဆွဲငင်ယူဆောင်ပစ်ထုတ်နိုင်စွမ်းရှိပြီး လွင့်စဉ်ရောက်ရှိလာသော ဧရာမဝတ္ထု အစိုင်အခဲကြီးများကြောင့် လူအများအပြားတို့ ထိမှန်ခံရကာ အသက်ဆုံးရှုံးသွားနိုင်သည်။

 

ဖူဂျီတာစကေးအမြင့်ဆုံးဖြစ်သောF5 အဆင့်ကမူ လေတိုက်နှုန်းတစ်နာရီလျှင် ၂၆၁ မိုင်မှ ၃၁၈ မိုင်အထိရှိကာ သံမဏိဖြင့် တည်ဆောက်ထားသော အဆောက်အအုံများပင် မြင်မကောင်းလောက်အောင် ပျက်စီးသွားနိုင်သည်။ သာမန် နေအိမ်အဆောက်အအုံတို့ကမူ လေးခွဖြင့် ပစ်လွှတ်လိုက်သည့် လောက်စာလုံးပမာ ဝေးရာသို့ အလုံးလိုက်လွင့်စဉ်မျောပါရောက် ရှိသွားနိုင်သည်။

 

လေဆင်နှာမောင်း၏ ဖြစ်တည်လာပုံသဘောသဘာဝကို သိရှိနားလည် သဘောပေါက်လာသည်နှင့်အမျှ ဘေးအ္တရာယ် ကျရောက်မည့် နေရာဒေသများသို့ ခေတ်မီနည်းပညာများ အသုံးချကာ မိနစ်အနည်းငယ်မျှ ကြိုတင်သတိပေးလာနိုင်သည်။ သာဓကတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်တွင် ၂ဝဝ၇ ခုနှစ် မေလအတွင်းက လေဆင်နှာမောင်း မတိုက်ခတ်မီ ၁၃ မိနစ်မျှ ကြိုတင်သတိပေးနိုင်ခဲ့သဖြင့် ပျက်စီးမှု များရှိခဲ့သည့်တိုင် လူ့အသက်သေဆုံးရမှုကို များစွာလျှော့ချ ပေးနိုင်ခဲ့သည်။

 

နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁ဝဝ ကျော်ပါဝင်သော သုတေသနမစ်ရှစ်တစ်ဖွဲ့သည် က္ဘာ့သမိုင်းတွင် အကျယ်ပြန့် ဆုံးသော လေဆင်နှာမောင်းလေ့လာရေးစီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ကြသည်။
က္ဘာပေါ်၌ လေဆင်နှာ မောင်းဖြစ်ပေါ်တိုက်ခတ်မှု အများဆုံးနေရာများဖြစ်သော မစ္စစ္စပီ မြစ် အနောက်ဘက်ရှိ မဟာလွင်ပြင်ဒေသနှင့် ရော့ကီး တောင်တန်းအရှေ့ဘက်ရှိ မြက်ခင်းလွင်ပြင်ဒေသ၌ သုတေသန ဆိုင်ရာ အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းကိရိယာများကို ဖြန့်ကြက်ချထားခဲ့ကြသည်။
Vortex-2 ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းတွင် သယ်ယူရေ့ႊပြောင်းနိုင်သော ရေဒါ ၁ဝ ခုကို အသုံးပြုခဲ့ပြီး တိုက်ခတ်နေသော လေဆင်နှာမောင်းအနီးသို့ ချဉ်းကပ်ပျံဝဲ လေ့လာမှတ်တမ်းတင်မည့် မောင်းသူမဲ့စက်ရုပ်လေယာဉ် ၁၂ စင်းကိုပါ အသုံးချခဲ့ကြသည်။

 

အဆိုပါစီမံကိန်း၏ အကျိုးရလဒ်တစ်ခုအဖြစ် လေစီး ကြောင်းနှင့်အပူချိန်တို့ သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်သို့ ရုတ်ခြည်းကူးပြောင်းသွားပါက မိနစ်ပိုင်း အတွင်းမှာပင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ စတုရန်းမိုင်ပေါင်း ၉ဝဝ ကျော်မျှ ကျယ်ဝန်းသည့် ဒေသအတွင်း၌ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသော Vortex-2 စီမံကိန်းသည် လေဆင်နှာမောင်း ကြိုတင်သတိပေးနှိုးဆော်ရေးနှင့် လူ့အသက် ကယ်တင်ရေးဆိုင်ရာ အထောက်အကူပြုရလဒ် အများအပြားကို ရရှိလာမည်ဟု မျှော်လင့်ရသည်။

 

လေဆင်နှာမောင်းလောက် အင်အားမပြင်းထန်သော်လည်း မိုးတိမ်တောင်များကိုပင် အခြေပြုကာ ဖြစ်ပေါ်လာသည့် စိုက်ဆင်းလေပြင်းများသည်လည်း ကြောက်မက်ဖွယ်ကောင်း သော သဘာဝဘေးအ္တရာယ်တစ်မျိုး ဖြစ်သည်။ စိုက်ဆင်း လေပြင်းများသည် လေကြောင်းပျံသန်းမှုနှင့် ရေကြောင်းသွား လာမှုတို့အတွက် အထူးပင်သတိပြုကြရမည့် အ္တရာယ်ဖြစ်သည်။
စိုက်ဆင်းလေပြင်းများသည် အဓိအားဖြင့် အားကောင်း သော မိုးတိမ်တောင်များ ရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် လေဖိအားရုတ်တရက်မြင့် တက်ခြင်းများကို ဖြစ်ပေါ်လာစေသည်။ လေတိုက်နှုန်း တစ်နာရီ လျှင်မိုင် ၁ဝဝ ကျော်အထိ တိုက်ခတ်နိုင်သော စိုက်ဆင်းလေပြင်း များသည် လေဆင်နှာမောင်းနှင့် မတူကွဲပြားသော တိုက်ခတ်မှု ပုံစံမျိုးရှိနေသည်။

 

လေဆင်နှာမောင်းတိုက်ခတ်နေချိန်တွင် လေဖိအား အလွန် အမင်းကျဆင်းကာ လေဖိအားခြားနားမှုကြောင့် ကြီးမားသော အဆောက်အအုံများသည်ပင် အလွန်ဝေးကွာသော အရပ်ဆီသို့ လွင့်စဉ် မျောပါသွားနိုင်သည်။ စိုက်ဆင်းလေပြင်းတိုက်ခတ်နေချိန် ၌မူ လေဖိအားရုတ်ခြည်း မြင့်တက်မှုကြောင့် အဆောက်အအုံ အချို့ကို လဲပြိုသွားစေနိုင်သည်။

 

လေဆင်နှာမောင်းဖြစ်ပေါ်ချိန်၌ လေသည် လက်ဝဲရစ် တိုက်ခတ်ပြီး အထက်သို့ရစ်ခွေတိုက်ခတ်ခြင်းကြောင့် သဲနှင့်ဖုန် မှုန့်များ၊ သစ်ကိုင်းသစ်ခက်များ၊ အကျိုးအပဲ့အပိုင်းအစများကပါ လိုက်၍ မျောပါရွေ့လျားနေခြင်းကြောင့် လေဆင်နှာမောင်း တိုက်ခတ်နေသည်ကို အဝေးကပင် ထင်ရှားစွာမြင်နိုင်သည်။ စိုက်ဆင်းလေပြင်းကမူ လေပြင်းတိုက်နေခြင်းကိုသာ ခံစားသိရှိ နိုင်ပြီး လေတိုက်နေသည့်ပုံသ္ဌာန်ကို မမြင်တွေ့နိုင်ပေ။
လေဆင်နှာမောင်းသည် တိုက်ခတ်ချိန်အားဖြင့် မိနစ် ၃ဝ မှ ၆ နာရီအထိပင် ရှိနိုင်သော်လည်းစိုက်ဆင်းလေပြင်းကမူ တိုက်ခတ်ချိန် အလွန်တိုတောင်းပြီး မိနစ်အနည်းငယ်မျှသာ ကြာမြင့်သည်။ လေဆင်နှာမောင်းတိုက်ခတ် ရွေ့လျားရာလမ်း ကြောင်းတစ်လျှောက်တွင် လေဆင်နှာမောင်းသည် တည့်တည့် ရွေ့လျားခြင်း၊ ဝဲဘက်သို့ကွေ့ခြင်း၊ ယာဘက်သို့ကွေ့ခြင်း၊ ကွေ့ဝိုက်ကာ နောက်ပြန်ရွေ့လျားခြင်းစသည်ဖြင့် ဦးတည်ရာ ဘက်အမျိုးမျိုးရှိသည့်အတွက် လေဆင်နှာမောင်း တိုက်ခတ်ပြီး ချိန်တွင် ပျက်စီးသွားသော နေအိမ်အဆောက်အအုံများနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့သည် အရပ်မျက်နှာအမျိုးမျိုးသို့ ဦးတည်ကာ လဲပြိုနေသည်ကို မြင်တွေ့ကြရသည်။
စိုက်ဆင်းလေပြင်းကမူ တိုက်ခတ်ရွေ့လျားရာ လမ်းကြောင်းဖြောင့်ပြီး အရပ်မျက်နှာတစ်ဖက်တည်းသို့သာ တိုက်ခတ်သည့်အတွက် ပျက်စီးသွားသော အဆောက်အအုံနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့မှာ အရပ်မျက်နှာတစ်ဖက်တည်းသို့သာ ဦးတည်လဲကျနေသည်ကို တွေ့မြင်ကြရသည်။ စိုက်ဆင်း လေပြင်း၏ ထူးခြားချက်တစ်ရပ်မှာ စတင်တိုက်ခတ်ရာနေရာ၌ သက်ရောက်မှုဧရိယာ ကျဉ်းမြောင်းပြီး တဖြည်းဖြည်း အားပျော့လာသည့်အခါ၌မူ သက်ရောက်မှုဧရိယာက ပို၍ ကျယ်ပြန့်လာခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ယပ် တောင်ဖြန့်သကဲ့သို့ တိုက်ခတ်ခြင်းဖြစ်ပြီး ထိုသို့သောသဘော သဘာဝကြောင့်ပင် စိုက်ဆင်းလေပြင်းတိုက်ခတ်ရာ လမ်း ကြောင်းတွင် ပျက်စီးသွားသော ဝတ္ထုပစ္စည်းအစုအပုံများမှာ တဖြည်းဖြည်း ပို၍ပြန့်ကားသွားသည်ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။

 

မည်သို့ပင်ဆိုစေကာမူ လေဆင်နှာမောင်းနှင့်စိုက်ဆင်း လေပြင်းများကို ဖြစ်ပေါ်လာစေနိုင်သည့်မိုးတိမ်တောင်ကြီး များကို မိမိတို့နေထိုင်ရာဒေသ၏ ကောင်းကင်ယံ၌ မြင်တွေ့ကြ ရသည်ဆိုပါက သတိရှိကြရန်လိုအပ်သည်။ လေဆင်နှာမောင်း တစ်ကြိမ်နှစ်ကြိမ်မျှ တိုက်ခတ်ဖူးသောဒေသဖြစ်ပါက အထူးပင် သတိရှိသင့်သည်။ လေဆင်နှာမောင်း၏အ္တရာယ်ကို ကာကွယ် ရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ မြေပေါ် အဆောက်အအုံနှင့် တွဲစပ်ခြင်းမရှိဘဲ သီးသန့်တည်ဆောက် ထားသည့် ခိုင်ခံ့တောင့်တင်းသော မြေအောက်ခန်းအတွင်း နေထိုင်ခြင်းပင် ဖြစ်သည်။

 

မျက်မှောက်ခေတ်၏ ဆောက်လုပ်ရေး နည်းပညာများ ထဲတွင် ပိုင်တိုင်များမြေအောက်သို့ နက်ရှိုင်းစွာရိုက်သွင်းသည့် နည်းဖြင့် စံချိန်မီစွာတည်ဆောက်ထားသော အဆောက်အအုံ များသည် လေဆင်နှာမောင်း၏ဒဏ်ကို အတိုင်းအတာတစ်ရပ် အထိ ခံနိုင်ရည်ရှိသည်။ အဆောက်အအုံ၏ ပြတင်းတံခါးများ၊ ဝရန်တာလက်ရန်းများက လေဆင်နှာမောင်း၏ လေဝဲဂယက် အတွင်း လွင့်စဉ်မျောပါသွားနိုင်သည့်တိုင် ပင်မအဆောက်အအုံ ကြီးအဖို့ မြေမှကျွတ်ထွက်လွင့်ပါရန် အခွင့်အလမ်းအလွန်နည်း သောကြောင့်ပင် ဖြစ်သည်။

 

စိုက်ဆင်းလေပြင်း၏ အ္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ကမူ အဆောက်အအုံများကို ခိုင်ခံ့တောင့်တင်းအောင် စနစ် တကျဆောက်လုပ်ထားခြင်း၊ ခေါင်မိုးရှိဒိုင်း၊ မြားနှင့် အမိုးပြား များကို ကြံ့ခိုင်တောင့်တင်းမှုရှိအောင် တွဲဆက်တပ်ဆင်ထား ခြင်း၊ ခိုင်ခံ့တောင့်တင်းသောတံခါး ကျည်းပေါင်များနှင့် တံခါး ရွက်များကို အသုံးပြုတပ်ဆင်ထားခြင်း စသည်တို့ပင်ဖြစ်ပေ သည်။


Ref; Myanmar News Agency

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်အန္တ္တ္တ္တ္တ္တရာယ်



ဆောင်းပါး

မိုးဦးကျကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတုရုတ်ခြည်းဖောက် ပြန်ပြောင်းလဲသော အချိန်အခါမျိုး၌ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်းနှင့် မိုးကြိုးမုန်တိုင်းကျရောက်ခြင်းများကို ကြုံတွေ့ကြရလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မိုးကောင်းကင်တွင် သဘာဝအလျောက်  ဖြစ်ပေါ်နေသော အခြေအနေများအရ   တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြားတွင်သော်လည်း ကောင်း၊ မိုးတိမ်တိုက်နှင့် မြေလွှာအကြားတွင်သော်လည်းကောင်း လျှပ်စစ် ဖိအားခြားနားမှုဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

 

ယင်းကာလမျိုးတွင် မိုးတိမ်တိုက်၏ အောက်ခြေပိုင်း၌  လျှပ်စစ်အမ  ဓာတ်များ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌လည်း လျှပ်စစ် အဖိုဓာတ်များ စုဝေးဖြစ်ပေါ်လာကာ ရင်ဆိုင်မိကြသည်။ မိုးဥတုအခါများနှင့် ရာသီဥတုရုတ်ခြည်းဖောက်ပြန်ပြောင်းလဲသောအခါများ၌ မိုးသက်မုန်တိုင်း ကြောင့် တိမ်လွှာ၏အောက်ခြေပိုင်းတွင် စုဝေးနေကြသော  လျှပ်စစ်အမဓာတ် များသည် ဝေဟင်မှနေ၍ ရွေ့လျားကြသည်။ မြေပြင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ် တို့ကလည်း လျှပ်စစ်အမဓာတ်များ ရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျားကြသည်။

 

ယင်းသို့ ရွေ့လျားကြရင်း လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့်  လျှပ်စစ်အဖိုဓာတ်တို့သည် မြင့်သောနေရာများဖြစ်သည့်  လျှပ်စစ်ဓာတ်တိုင် များ၊ လျှပ်စစ်ဝိုင်ယာလိုင်းကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင် ထောင်ရှိနေသည့် အဆောက်အအုံများ၏ ထိပ်ဖျားဆီသို့ တက်ရောက်လာ ကြသည်။ ယင်းသို့ တက်ရောက်လာမှုကြောင့် လျှပ်စစ်အမဓာတ်နှင့် လျှပ်စစ် အဖိုဓာတ်တို့ နီးကပ်စွာ စုဝေးမိကြသည်။ စုဝေးမှုအစိုင်အခဲ ကြီးမားလာသော အခါ ခုန်ကူးပေါင်းစပ်မှုပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုးပစ်သည် ဟု ခေါ်ဆိုကြသည်။

 

မိုးကြိုးအန္တရာယ်

 

သို့ဖြစ်၍ မြင့်မားသောအဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက် နေသော ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက်အအုံစသည်တို့သည် မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်းကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းပို၍များ သည်။ ယင်းတို့နှင့် နီးကပ်စွာရှိနေသော လူနှင့်တိရစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများ သည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေသည်ဖြစ်၍ အန္တရာယ် ကြီးမားလှသည်။

 

ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသောအခါမျိုးများ၌ ကျယ်ပြန့်သော နေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာများ၊ လယ်ကွင်းပြင်များတွင် မနေ သင့်ပေ။ ထိုအခါမျိုးတွင် ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်၌ ရပ်နေသော လူ သို့မဟုတ် တိရစ္ဆာန်တို့သည် အဆိုပါနေရာများ၏ အမြင့်ဆုံးသော တည်ရှိ မှုများဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ်နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူး ပေါင်းစပ်မှုပြုရာ ဗဟိုချက်မဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့် မိုးကြိုးပစ် ရန်အတွက် ပစ်မှတ်နေရာဖြစ်သွားနိုင်သည်။

 

မိုးဥတုအခါများတွင်  လယ်ကွင်းပြင်များ၌  လယ်ထွန်နေသူများနှင့် ကျွဲ၊ နွား စသည်တို့ မိုးကြိုးထိမှန်ခံရတတ်ခြင်းမျိုးသည် အထက်ပါသဘော တရားကြောင့်ပင်  ဖြစ်သည်။ သို့ဖြစ်၍ ယင်းသို့သော အခြေအနေမျိုးတွင် ပြန့်ပြူးသော ကစားကွင်းများ ၊အဆောက်အအုံကင်းမဲ့သော ဆင်ခြေဖုံးနေရာ များ၊ မြေပြန့်လွင်ပြင်များ၊ မြို့ရွာစသည်တို့နှင့် အလှမ်းကွာဝေးသောနေရာ များတွင် ရောက်ရှိနေသူတို့သည် မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းအများဆုံး ရှိနေသည်။ 

 

လျှပ်စစ်လက်ခြင်းနှင့် ထစ်ချုန်းသံ

 

တိမ်လွှာ၏ အောက်ခြေရှိ လျှပ်စစ်အမဓာတ်နှင့်မြေပြင်မှ လျှပ်စစ်အဖို ဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုသည့်အခါ တစ်နည်းအားဖြင့် မိုးကြိုးပစ်သည့် အခါ မိုးကြိုးဖြစ်ပေါ်သည့်နေရာတွင် အလင်းရောင်နှင့်အသံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်း ရောင်နှင့်အသံတို့သည်  အတော်အတန်ဝေးကွာသောနေရာများဆီသို့  ပျံ့နှံ့ ရောက်ရှိချိန်တွင်  အမြန်နှုန်းမတူခြင်းကြောင့်  မိုးကြိုးဖြစ်ပေါ်ရာနေရာမှ အလွန်ဝေးကွာသော နေရာများရှိ လူနှင့်သတ္တဝါတို့သည် အလင်းရောင်ကို အရင်မြင်ကြရပြီး အသံကို နောက်ကျမှ ကြားကြရသည်။ တစ်နည်းဆိုရသော် လျှပ်စီးလက်ခြင်းကို အရင်မြင်ကြရပြီး ထစ်ချုန်းသံကို နောက်မှကြားကြရသည်။

 

မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် နီးသောနေရာရှိ လူနှင့်သတ္တဝါတို့ကမူ လျှပ်စီးလက်ခြင်း(အလင်းရောင်)နှင့် ထစ်ချုန်းခြင်း(အသံ)တို့ကို မရှေးမနှောင်း ကြားကြရသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင် ရှိနေသောလူနှင့် သတ္တဝါတို့ သည်ကား လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက်တော့ဘဲ မိုးကြိုးထိမှန် ခံရခြင်းနှင့် မိုးကြိုးစက်ကွင်းမိခြင်းများဖြစ်ကြရသည်။ ဤသို့ဖြစ်ရခြင်းမှာ အလင်း၏အလျင်သည်  အသံ၏အလျင်ထက်  အဆပေါင်းသိန်းနှင့်ချီ၍ ပိုမိုသောကြောင့် ဖြစ်သည်။  မိုးကြိုးပစ်သည့်နေရာတွင် ဖြစ်ပေါ်လာသော အလင်းရောင်သည် ထွက်ပေါ်လာသော အသံထက် ခရီးအကွာအဝေးအဆ များစွာ ပိုမိုရောက်ရှိသွားခြင်းပင်ဖြစ်သည်။

 

အဆိုပါ သိပ္ပံပညာသဘောတရားကြောင့်  လျှပ်စီးလက်၍ ထစ်ချုန်း သံကြားလျှင် ကြောက်တတ်သူများသည် မိုးကြိုးပစ်ရာနေရာနှင့် မိမိတို့ရှိနေ သောနေရာ မည်မျှကွာလှမ်းသည်ကို တွေးဆနိုင်ကြပြီး စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်နိုင်ကြမည်ဖြစ်သည်။ လျှပ်စီးလက်ခြင်းကို ကောင်းစွာမြင်ကြရသူ များသည် မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် ဝေးကွာလှသောနေရာတွင် ရှိနေသူများ ဖြစ်ကြသည်။

 

မိုးကြိုးလျှပ်စီးအင်အား

 

မိုးကြိုးပစ်ခြင်းသည် တိမ်လွှာအောက်ခြေနှင့် မြေပြင်အကြား လျှပ်စစ် ဖိအားခြားနားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မိုးကြိုးပစ်ချိန်တွင် လျှပ်စီး အင်အားသည် ပျမ်းမျှအားဖြင့် အမ်ပီယာသုံးသောင်းခန့်ရှိနေပြီး အမြင့်ဆုံး အားဖြင့် အမ်ပီယာနှစ်သိန်းအထိပင် ဖြစ်ပေါ်လာတတ်သည်။ လျှပ်စစ်သံဂဟေ ဆက်ရာတွင် အသုံးပြုသော လျှပ်စီးအင်အား ပမာဏမှာ ၂ဝဝ အမ်ပီယာမှ ၄ဝဝ အမ်ပီယာခန့်အထိသာရှိရာ မိုးကြိုးလျှပ်စီးအင်အားပမာဏ မည်မျှကြီးမား သည်ကို ခန့်မှန်းနိုင်သည်။

 

မိုးဥတုကာလရှည်ကြာသော ဒေသနိုင်ငံများ၊ မိုးသက်မုန်တိုင်း မကြာ ခဏကျရောက်တတ်သော  ဒေသနိုင်ငံများနှင့်  အီကွေတာရာသီဥတုခေါ်  မိုးရွာလိုက်/နေပူလိုက် တစ်လှည့်စီဖြစ်သော ရာသီဥတုရှိသည့် ဒေသနိုင်ငံ များတွင် မိုးကြိုးပစ်သောအကြိမ်ရေပမာဏများပြားတတ်သည်။

 

မိုးကြိုးပစ်သည့်အခါ ကောင်းကင်ဓာတ်အားလိုင်းများကို မိုးကြိုးထိမှန်ပါက ဓာတ်အားလိုင်းများတွင် ပို့လွှတ်ထားသော လျှပ်စစ်ဖိအားထက် အဆများစွာ ကြီးမားသော  လျှပ်စစ်ဖိအားတစ်ရပ်  ဝင်ရောက်လာတတ်သည်။ ထိုအခါမျိုးတွင် ကောင်းကင်ဓာတ်အားလိုင်းတိုင်များ၏ ြေ<ွကသီးများနေရာ၌ လျှပ်စစ်ဖိအား အဆမတန်မြင့်တက်လာခြင်းကြောင့် ဝိုင်ယာကြိုးများမှတစ် ဆင့် ကြက်ခြေတန်းများအတွင်းသို့ လည်းကောင်း၊ ဓာတ်တိုင်များ၏ အတွင်း သို့လည်းကောင်း ခုန်ကူးမှုများဖြစ်ပေါ်ပြီး ကွဲအက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင် သည်။ အလားတူပင် ထရန်စဖော်မာများအတွင်းသို့ မိုးကြိုးလျှပ်စစ်ဖိအား ဝင်ရောက်ပါက လျှပ်ကာများ ကျိုးပေါက်မှုဖြစ်ပြီး ချွတ်ယွင်းပျက်စီးသွားနိုင်သည်။

ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများကို မိုးကြိုးတိုက်ရိုက်ထိမှန်လျှင်  လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန်မလွယ်ကူပေ။ သို့ရာတွင် သဘာဝအခြေအနေ များအရ ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများကို ပြင်းထန်သော မိုးကြိုးများ တိုက်ရိုက်ထိမှန်မှုမှာ ဖြစ်ခဲလှပြီး မိုးကြိုးစက်ကွင်းမိခြင်းမျိုးသာ ဖြစ်တတ်သည်။

 

မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအနက် မိုးကြိုးကြောင့်ဝင်ရောက်လာတတ်သည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား၏ အန္တရာယ်ကို ကောင်းကင်မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲတို့ တပ်ဆင်ထားခြင်းဖြင့် ကာကွယ်နိုင်သည်။

 

ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း

 

မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင်မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကိုသော်လည်းကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုး ကိုသော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်းများ၌ သွယ်တန်း တပ်ဆင်ကြရမည်ဖြစ်သည်။   ကောင်းကင်ဓာတ်အားလိုင်းတိုင်များအတွက် ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ရာတွင် ပထဝီမြေဓာတ် ကောင်းစွာရရှိစေရန် ကောင်းကင်ဓာတ်အားလိုင်းကြိုး အရှည်တစ်မိုင်အတွင်း အနည်းဆုံးလေးနေရာ ခန့်တွင်  မြေမြှုပ်ကြိုးများနှင့်  ကောင်းစွာဆက်သွယ်ပေးထားရမည်ဖြစ်သည်။

 

မြေစိုက်ကြိုးများက ကောင်းကင်လျှပ်စစ်ဓာတ်အားလိုင်းများကို မိုးကြိုး အန္တရာယ်မှ ကာကွယ်ပေးနိုင်သောနယ်ပယ်မှာ အဆိုပါကောင်းကင်မြေစိုက်ကြိုး ထိပ်စွန်း၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီစီ အသီးသီးရှိသော နယ်ပယ်အတွင်း၌သာဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်မြေစိုက်ကြိုး၏ မိုးကြိုး အန္တရာယ်မှ ကာကွယ်ပေးနိုင်သော အဆိုပါနယ်ပယ်အတွင်း၌သာ လျှပ်စစ် ဝိုင်ယာကြိုးများကို သွယ်တန်းတပ်ဆင်ကြရမည်ဖြစ်သည်။

 

ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို ဓာတ်အားလိုင်းတိုင် ထောင်မတ် နေသည့်အတိုင်း အထက်အောက်သွယ်တန်းထားပါက ယင်းတို့သည် ကောင်းကင် မြေစိုက်ကြိုး၏ အောက်တည့်တည့်တွင် ရောက်ရှိနေကြခြင်းကြောင့် မိုးကြိုး အန္တရာယ်မှ ကာကွယ်မှုအပြည့်အဝရရှိနေမည်ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ ဓာတ်အားလိုင်းတိုင်များတွင် ကန့်လန့်ကြက်ခြေတန်းများကို အသုံးပြုသွယ်တန်း မည်ဆိုပါက ကောင်းကင်မြေစိုက်ကြိုး၏ အောက်တစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီအသီးသီးရှိသော နယ်ပယ်အတွင်း၌သာ သွယ်တန်းလိုင်းကြိုးများ ရှိနေကြ ရန်လိုအပ်သည်။

ကောင်းကင်မြေစိုက်ကြိုးသည် မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက်  အသုံးဝင်ရုံမျှမက  လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်မှလည်း  ကာကွယ်နိုင် သည်။ အဆောက်အအုံများသို့ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာများ  သွယ်တန်းရာတွင် ယင်းကြိုးများကို သယ်မထားသော ဝန်ထမ်းကြိုး(Bearer Cable) ကို ကောင်းကင်မြေစိုက်ကြိုးနှင့် ဆက်သွယ်ပေးထားခြင်းဖြင့် အကယ် ၍ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာကြိုးများ ပေါက်ပြဲချွတ်ယွင်းပြီး ဝန်ထမ်း ကြိုးအတွင်းသို့ လျှပ်စစ်ဓာတ်အားဝင်ရောက် စီးဆင်းလာမည်ဆိုပါက ပထဝီ မြေဓာတ်နှင့်တွေ့ထိပြီး ဒဏ်ခံကြိုးကို ပြတ်တောက်သွားစေမည်ဖြစ်သည်။

 

ပထဝီမြေဓာတ်ကို ကောင်းစွာရရှိနေသော ကောင်းကင်မြေစိုက်ကြိုးကို အဆောက်အအုံအတွင်းရှိ လျှပ်စစ်သုံးပစ္စည်းများ၊ လျှပ်စစ်မီတာ၊ လျှပ်စစ်မီတာ အိမ် စသည်တို့နှင့် ဆက်သွယ်ပေးထားခြင်းအားဖြင့်လည်း၊ အဆိုပါပစ္စည်းများ အတွင်း၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပြီး ပစ္စည်း၏ကိုယ်ထည်အတွင်းသို့ လျှပ်စစ်ဓာတ်အားစီးဆင်းဝင်ရောက်ခဲ့ပါက  ပထဝီမြေဓာတ်နှင့်   တွေ့ထိပြီး  ဒဏ်ခံကြိုးအား ပြတ်တောက်သွားစေမည်ဖြစ်သည်။

 

မိုးကြိုးလွှဲတပ်ဆင်ခြင်း

 

လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးများအတွင်းသို့ မိုးကြိုးကြောင့် ဖြစ်ပေါ် လာသည့်  အလွန်မြင့်မားသော လျှပ်စစ်ဖိအားဝင်ရောက်လာသောအခါ အဆိုပါလျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာစီးဆင်း ဝင်ရောက်သွားစေရေးအတွက် အန္တရာယ်ရှိ ဝန်ပိုများအား လမ်းကြောင်း လွှဲပြောင်းပေးသည့်ပစ္စည်းကို မိုးကြိုးလွှဲ (Lightning Arrester)ဟု ခေါ်သည်။ မိုးကြိုးလွှဲသည် ဓာတ်အားလိုင်းကြိုးများအတွင်း၌ပုံမှန်ပို့လွှတ်ထားသော လျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားခြင်း အား ခွင့်မပြုဘဲ မိုးကြိုးကြောင့်ဖြစ်ပေါ်သည့် အန္တရာယ်ကြီးမားသော လျှပ်စစ် ဖိအား များကိုသာ မြေကြီးအတွင်းသို့စီးဆင်းသွားစေရန် လုပ်ဆောင်ပေးသည်။

 

လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့်   လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရာ၌လည်း    မိုးကြိုးကြောင့်ဖြစ်ပေါ်လာနိုင်သော   လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အလို့ငှာ မိုးကြိုးလွှဲများကို အောက်ပါအတိုင်း တပ်ဆင်ကြရမည်ဖြစ်သည်။

 

            (က)      လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃ဝ/၄ဝဝ ဗို့ဖြစ်ပြီး ထိုဗို့အားအဆင့်ဖြစ်ပင် ပေးပို့ဖြန့်ဖြူးပါက စက်ရုံမှထွက်သည့်ဖီဒါလိုင်းအသီးသီးပေါ်တွင် အနိမ့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

            (ခ)        လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအား သည် ၂၃ဝ/၄ဝဝ ဗို့ ဖြစ်သော်လည်း စက်ရုံမှထွက်လျှင်ထွက် ခြင်း ဗို့အားမြှင့်ထရန်စဖော်မာကိုအသုံးပြု၍ ၆၆ဝဝ ဗို့၊ ၁၁ဝဝဝ ဗို့၊ ၆၆ဝဝဝ  ဗို့စသည်ဖြင့်  ဗို့အားမြှင့်ပြီးမှ ပေးပို့ဖြန့်ဖြူးပါက စက်ရုံရှိ ဗို့အားမြှင့်ထရန်စဖော်မာမှအထွက် ဖိဒါလိုင်းအသီးသီး ပေါ်တွင် အမြင့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

            (ဂ)        လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၁၁ဝဝဝ ဗို့ကဲ့သို့သော ဗို့အားမြှင့်လျှပ်စစ်ဖြစ်ပြီး ထုတ်လုပ်ဗို့အား အတိုင်း တိုက်ရိုက်ပို့လွှတ်သည်ဖြစ်စေ၊ ဗို့အားမြှင့်ထရန်စဖော် မာကိုအသုံးပြု၍ ထပ်မံဗို့အားမြှင့်ပြီးမှ ပို့လွှတ်သည်ဖြစ်စေ၊ စက်ရုံမှထွက်သော ဖီဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

            (ဃ)      ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများသည် အလွန်ရှည်လျား ပြီး လူနေအိမ်ခြေ၊  အဆောက်အအုံများနှင့် ဝေးကွာသော ကွင်းပြင်များကို ဖြတ်ကျော်တည်ဆောက်ထားခြင်းမျိုးဖြစ်ပါက၊ ဓာတ်အားလိုင်းမျှော်စင်ကြီးများနှင့် ဓာတ်တိုင်များအပေါ်တွင် မိုးကြိုးလွှဲများကို တပ်ဆင်ပေးထားရမည် ဖြစ်သည်။

 

ဤနေရာတွင် လူနေအိမ်ခြေ၊ အဆောက်အအုံများ သိပ်သည်းထူထပ် သော မြို့ကြီး၊ မြို့ငယ်စသည့်နေရာဒေသများ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအတွင်းသို့ မိုးကြိုးအန္တရာယ်ကျရောက်မည့် အခွင့်အလမ်း နည်းပါးလှသည့်အတွက် တစ်မြို့နှင့်တစ်မြို့ သွယ်တန်းထား သည့် ကောင်းကင်ဓာတ်အားလိုင်း ကြိုးများမှာကဲ့သို့ မိုးကြိုးအန္တရာယ်ကို စိုးရိမ်ရန်  မလိုအပ်ပေ။  ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ထားပြီးဖြစ်ကာ မိုးကြိုးအန္တရာယ်မှ စိတ်ချရနိုင်သည်။

 

သာမန်လူနေအိမ်အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏အဆောက် အအုံနှင့် နီးကပ်စွာတည်ရှိနေသော ဓာတ်တိုင်များတွင် ကောင်းကင်မြေစိုက် ကြိုးများဖြင့် မိုးကြိုးလျှပ်စစ်အန္တရာယ်ကို စနစ်တကျကာကွယ်ထားသည် ဆိုပါက မိုးကြိုးအန္တရာယ်ကျရောက်ရန် အခွင့်အလမ်းအလွန်နည်းပါးမည်ဖြစ် သည်။ သို့ရာတွင် ပို၍စိတ်ချရစေရန် မိုးကြိုးလွှဲများတပ်ဆင်လိုပါက အနိမ့် စား ဖိအားမိုးကြိုးလွှဲကိုတပ်ဆင်လျှင် ကောင်းစွာလုံလောက်မှုရှိသည်။

 

သို့ဖြစ်၍ မိုးဥတုကာလနှင့် ရာသီဥတုရုတ်ခြည်းဖောက်ပြန်ပြောင်းလဲ သောအခါသမယမျိုး၌ ဖြစ်ပေါ်လာတတ်သည့် လျှပ်စီးလက်ခြင်း၊ ထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်းတို့၏  သဘောသဘာဝများနှင့်  ယင်းတို့မှတစ်ဆင့် ဆက်စပ်ဖြစ်ပေါ်လာတတ်သော  လျှပ်စစ်အန္တရာယ်တို့ကို သိရှိထားကြခြင်း အားဖြင့် မိုးကြိုးပစ်ခံရခြင်းနှင့် မိုးကြိုးကြောင့် ဖြစ်ပေါ်လာနိုင်သော လျှပ်စစ် အန္တရာယ်ကျရောက်ခြင်းတို့ကို ကာကွယ်ပေးသည့် အစီအမံများကို စနစ်တကျ ဖြင့် ကြိုတင်ပြုလုပ်ထားနိုင်ကြမည်ဖြစ်ပေသည်။     ။

သိပ္ပံစာရေးဆရာ-ကိုကိုအောင်


Ref; Myanmar News Agency

(၀၉၊ ၀၆၊ ၂၀၂၀) ရက်နေ့မှ (၁၅၊ ၀၆၊ ၂၀၂၀) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်မျာ (သရက်၊ အောင်လံ၊ ပြလို့၊ ကိုးပင်)

(၀၉၊ ၀၆၊ ၂၀၂၀) ရက်နေ့မှ (၁၅၊ ၀၆၊ ၂၀၂၀) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
==========================================================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================
          လာမည့်ရက်သတ္တပတ်အတွင်း နေ့အပူချိန်များ သိသိသာသာ လျော့နည်းသွားနိုင်ပါသည်။

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================
          လာမည့်ရက်သတ္တပတ်အတွင်း အများအားဖြင့် တိမ်ထူထပ်ပါမည်။ မိုးဆက်တိုက် ရွာသွန်းနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

လေအခြေအနေခန့်မှန်းချက်
====================
          လာမည့်ရက်သတ္တပတ်အတွင်း အနောက်တောင်နှင့် အရှေ့တောင်အရပ်တို့မှ လေတိုက်ခတ်နိုင်ပြီး အနောက်တောင်အရပ်မှ အမြင့်ဆုံး တစ်နာရီ ၂၅ ကီလိုမီတာအထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)



Monday, June 8, 2020

(၀၉၊ ၀၆၊ ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ (သရက် - အောင်လံ - ပြလို့ - ကိုးပင်)

(၀၉၊ ၀၆၊ ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
=====================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 25°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
=======================
နံနက် ၀၀း၀၀ နာရီ = 26°C
နံနက် ၀၃း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၇း၀၀ နာရီ = 26°C
နံနက် ၀၉း၀၀ နာရီ = 28°C
နံနက် ၁၀း၀၀ နာရီ = 30°C
မွန်းတည့် ၁၂း၀၀ နာရီ = 32°C
မွန်းလွဲ ၁၄း၀၀ နာရီ = 34°C
မွန်းလွဲ ၁၆း၀၀ နာရီ = 33°C
ညနေ ၁၈း၀၀ နာရီ = 31°C
ညနေ ၁၉း၀၀ နာရီ = 30°C
ည ၂၀း၀၀ နာရီ = 29°C
ည ၂၂း၀၀ နာရီ = 28°C
ည ၂၃း၀၀ နာရီ = 27°C

မိုးအခြေအနေခန့်မှန်းချက်
===================
နံနက်ပိုင်းတွင် အများအားဖြင့် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။ နေ့လယ်ပိုင်းတွင် တိမ်ထူထပ်ပါမည်။ ညနေပိုင်းနှင့် ညအစောပိုင်းတို့တွင် မိုးရွာပါမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

လေအခြေအနေခန့်မှန်းချက်
====================
လေတိုက်အရပ် = အရှေ့တောင်၊ အနောက်တောင်။
လေထုဖိအား = 1002 hPa
အရှေ့တောင်အရပ်မှ အမြင့်ဆုံး တစ်နာရီ ၃ ကီလိုမီတာမှ ၅ ကီလိုမီတာအကြား၊ အနောက်တောင်အရပ်မှ အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာအကြား လေတိုက်ခတ်နိုင်ပါသည်။

မိုးလေဝသ - အောင်လံ (NGO)